ညအိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်ခြင်းကို ဘယ်လိုကုသလို့ရမလဲ
ညအိပ်ချိန် ဟောက်သံထွက်ခြင်းလို့ လူသိများကြတဲ့ Sleep Apnea ဆိုတာက အိပ်ပျော်နေတဲ့အချိန်မှာ အသက်ရှူခြင်းက ကြိမ်ဖန်များစွာ ရပ်လိုက်၊ ပြန်စလိုက်ဖြစ်နေတတ်တဲ့ အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒီလို အိပ်နေရင်းအသက်ရှူရပ်သွားသူရဲ့ အဓိကလက္ခဏာအဖြစ် ဟောက်သံအကျယ်ကြီး ကြားရတာကို မြင်နိုင်ပါတယ်။ Sleep Apnea အမျိုးအစားအနေနဲ့ -
- Obstructive Sleep Apnea (OSA) - လည်ချောင်းကြွက်သားတွေ ပြေလျော့ပြီး အဆုတ်ထဲကို လေဝင်ပေါက်ပိတ်သွားတဲ့ ဖြစ်စဉ်၊ အဖြစ်အများဆုံး အခြေအနေလည်း ဖြစ်ပါတယ်။
- Central Sleep Apnea (CSA) - ဦးနှောက်ကနေ အသက်ရှူခြင်းကို ထိန်းချုပ်တဲ့ကြွက်သားတွေကို လိုအပ်တဲ့ Signal တွေ မပို့ပေးနိုင်တာကြောင့် ဖြစ်လာတဲ့ ဖြစ်စဉ်
- Treatment-emergent Central Sleep Apnea – OSA ရှီပြီးသားသူတစ်ယောက်က ကုသမှုခံယူနေစဉ် CSA အဖြစ် ပုံစံပြောင်းသွားတဲ့ ရှုပ်ထွေးဖြစ်စဉ် ဆိုပြီး (၃) မျိုးခွဲခြားနိုင်ပါတယ်။
သူ့ရဲ့လက္ခဏာတွေက ဘာတွေလဲ
အမျိုးအစား (၃) မျိုးလုံးရဲ့ လက္ခဏာတွေက ဆင်တူပြီး
- အသံအကျယ်ကြီး ဟောက်တတ်တာ
- အိပ်နေရင်း အသက်ရှူရပ်သွားတာကို ဘေးလူကပါ ကြားနေရတာ
- အိပ်နေရင်း လေကို အလုအယက်ရှူရှိုက်ရတာ
- မနက်ပိုင်း ခေါင်းကိုက်ရင်း နိုးလာတာ
- ခံတွင်းခြောက်ပြီး နိုးလာတာ
- တောက်လျှောက်အိပ်ပျော်ဖို့ ခက်ခဲတာ
- နေ့ဘက်တွေမှာ ပိုအိပ်ချင်တာ
- နိုးထနေစဉ်မှာ အာရုံစူးစိုက်ဖို့ ခက်ခဲတာ
- စိတ်ဆိုးစိတ်ဆတ်လွယ်တာ စတဲ့ လက္ခဏာတွေကို မြင်တွေ့ရတတ်ပါတယ်။
ဘယ်သူတွေမှာ ပိုအဖြစ်များလဲ
OSA အမျိုးအစားအတွက် -
- အဝလွန်ပြီး ကိုယ်အလေးချိန်များလွန်းသူတွေ
- လည်ပင်းထူပြီး အသက်ရှူလမ်းကြောင်းကျဉ်းနေသူတွေ
- အမျိုးသားများ
- အသက်အရွယ် ကြီးရင့်လာခြင်း
- အရက်၊ မေ့ဆေး၊ ထုံဆေးတွေကို မကြာခဏအသုံးပြုနေရသူတွေ
- မိသားစုမှာ ကျန်းမာရေးပြဿနာ ရာဇဝင်ရှိဖူးသူတွေ
- ဆေးလိပ်သောက်သူတွေ
- သွေးတိုးနဲ့ အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေမှာ ပိုအဖြစ်များပါတယ်။
CSA အမျိုးအစားတွေကတော့ -
- အသက်အရွယ်ကြီးရင့်လာခြင်း
- အမျိုးသားဖြစ်ခြင်း
- နှလုံးအားနည်းခြင်း၊ ကျန်းမာရေးပြဿနာရှိခြင်း
- ရုတ်တရက် တက်တတ်သူတွေမှာ ပိုအဖြစ်များပါတယ်။
အိပ်နေစဉ် အသက်ရှူရပ်တန့်ခြင်းကို ဘယ်လိုကုသမလဲ
အကယ်လို့ ကိုယ့်ဆရာဝန်ကနေ ကျန်းမာရေးပြဿနာရှိတယ်လို့ အတည်ပြုလိုက်ပြီဆိုရင် ကုထုံးအနေနဲ့
- အသက်ရှူစက် (CPAP) တပ်ခြင်း ကုထုံး
- အိပ်နေစဉ် Oral Appliance ကို ပါးစပ်မှာ တပ်ဆင်ထားခြင်း
- ပါးစပ်၊ မျက်နှာကြွက်သားတွေကို လေ့ကျင့်ပေးတဲ့ ကုထုံး
- အပေါ်မေးရိုး၊ အောက်မေးရိုးတွေကို ပြုပြင်ခွဲစိတ်ခြင်း
- ခွဲစိတ်ကုသမှု ကုထုံး
- အသက်ရှူလမ်းကြောင်းထဲက တစ်ရှူးတွေကို ဖယ်ပြီး လမ်းကြောင်းချဲ့ပေးခြင်း စတာတွေနဲ့ ကုသမှုခံယူဖို့ အကြံပေးပါလိမ့်မယ်။
ဟောက်တယ်ဆိုတာ အိပ်ပျော်နေစဉ်မှာ မကြာခဏ အသက်ရှူရပ်သွားတတ်တာကြောင့် ပြင်းထန်တဲ့အခြေအနေမျိုးမှာ အသက်ရှူလုံးဝရပ်သွားပြီး အသက်အန္တရာယ်ရှိတဲ့အတွက် ကုသမှုခံယူနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။
ရဲမျိုးမြတ်